လှိုင်းဘွဲမြို့နယ်၌ မိုးစပါး ၁၂၀၈၈၉ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်

လှိုင်းဘွဲ ဇူလိုင် ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် အတွက် မိုးစပါးစိုက်ဧက (၁၂၀၈၈၉) ဧကကို စိုက်ပျိုးသွားနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားချက်ထားရှိပြီး လျာထားချက်ပြည့်မီစွာ စိုက်ပျိုးသွားနိုင်စေရေးအတွက် တောင်သူများအား ပညာပေးစည်းရုံးခြင်း၊ မိုးစပါးအထွက်တိုးနိုင်စေမည့် စိုက်ပျိုးရေးနည်းစနစ်များကို လက်တွေ့ပါဝင်ကူညီ စိုက်ပျိုးပြသပေးခြင်းလုပ်ငန်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ‌ဒေါ်နန်းဝတ်ရည်စမ်းနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရန်လျားထားချက်ထားရှိသည့် ဧကများမှ  အောင်နိုင်တိုး မျိုးသန့် စံပြစိုက်ကွက်တစ်ကွင်းတစ်ဆက်တည်း (၅၀)ဧက၊ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ဧက (၂၀၀) ကို တိုးချဲ့စိုက်ပျိုးသွားဖြစ်ပြီး၊ မျိုးစေ့ထုတ်ဧက (၄၂၅) ဧက၊ မိုးစပါးအထွက်နှုန်းတိုးတက်စေရေး စံပြစိုက်ကွက်ဧက (၁၀၀) ကို စိုက်ပျိုးသွားကြမည်ဖြစ်ပြီး၊ တောင်ကုန်းတောင်တန်းများတွင် နေထိုင်ကြသည့် တောင်သူများမှလည်း တောင်ယာစပါး (၂၇၇၈) ဧကတို့ကို စိုက်ပျိုးသွားမည်ဖြစ်သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှလည်း  တောင်သူများအနေဖြင့် မိုးစပါးမစိုက်ပျိုးမီ မြေဆီလွှာအာဟာရ ထက်သန်စေရန် လယ်မြေဧက (၆၀၀) အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့တင်း (၁၅၀) ကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများမှ မိုးစပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးအတွက် မြေဆီလွှာ ပြုပြင်ခြင်းလုပ်ငန်းများ၊ မျိုးကောင်း၊ မျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ ဒေသရေမြေနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးစပါးများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးရာသီအတွင်း ကျရောက်တတ်သော ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို အသိပညာပေးဆွေးနွေးခြင်း၊ စူပါဘိုကာရှီသဘာဝမြေသြဇာပြုလုပ်နည်းအဆင့်ဆင့်တို့ကို လက်တွေ့ပြုလုပ်ပြသခြင်းလုပ်ငန်းများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဝတ်ရည်စမ်းထံမှ သိရသည်။

စောဒိ(ပြန်/ဆက်)