တာမွေမြို့နယ်၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တာမွေ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက ဘုရားအမှူးရှိသော ပင့်သံဃာတော်အရှင်သူမြတ်များအား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ကန်တော့ခဲ့ပြီး ပင့်သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူ‌စောင့်တည်ခဲ့သည်။ ဆက်လက်၍ ပင့်သံဃာတော်အရှင်သူမြတ်များမှ မြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်အပေါင်း ကင်းဝေးစေရေးအတွက် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့် ဇနီးဒေါ်ခင်ဝင်းတင့်၊ တက်ရောက်လာကြသူများက ပင့်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ပင့်သံဃာတော် အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)