ဝါဆိုလပြည့်နေ့တွင် ကရင်ပြည်နယ်ဝါဆိုလပြည့်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ရဟန်း၊ သာမဏေ၊ သီလရှင် ၃၉၆၉ ပါးတို့အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ဘားအံ ဇူလိုင် ၁၀

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် (၂၂) ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင် ၉ ရက်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြည်ညို၍ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၃၉၆၉ ပါးတို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်းကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္တ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကာ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္တ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သဇ္ဈာယ်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကတို့က နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္တထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း၍ ကြွရောက်ချီးမြှင့်တော်မူကြသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယနေ့ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ဘားအံမြို့၌ ပုရိမဝါဆိုဝါကပ်တော်မူကြမည့် ဘုန်းတော်ကြီးကျောင်း (၇၀) ကျောင်းရှိ ရဟန်း (၁၄၃၇) ပါး၊ သာမဏေကြီး (၁၁၁၈) ပါး၊ သာမဏေငယ် (၄၀၈) ပါး၊  သီလရှင်ပရိယတ္တိ စာသင်တိုက် (၉) တိုက်ရှိ  သီလရှင် (၁၀၀၆) ပါး၊ ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း ၃၉၆၉ ပါးတို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သယ်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖအလှူရှင်များက စုစုပေါင်းငွေကျပ် ၁၃၈၈၅၂၀၀ဝိ/- (တစ်ထောင်သုံးရာရှစ်ဆယ်ရှစ်သိန်းငါးသောင်းနှစ်ထောင်ကျပ်) အကုန်အကျခံ၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး  ကျောင်းတိုက်အသီးသီးရှိ သံဃာတော်၊ သီလရှင်များအား သက်ဆိုင်ရာဌာနများက ဆရာ/ဒကာကျောင်းတိုက်များသို့ ပို့ဆောင် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။

အလားတူ ဝါတွင်းကာလ ဝါဆို၊ဝါကပ်တော်မူကြမည့် ဆရာတော်၊ သံဃာတော်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ဗုဒ္ဓဘာသာနွယ်ဝင် စေတနာရှင်၊အလှူရှင်များ စုပေါင်း၍ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့ ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ (၂၈) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆင်ယင်ကျင်းပသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်နှင့် ပတ်ဝန်းကျင်ဒေသများမှ စေတနာရှင်အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဘားအံမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်း (၇၈) ကျောင်း၊ သီလရှင်ကျောင်း (၂၁) ကျောင်းမှ သံဃာတော်၊ သာမဏေ၊ သီလရှင်စုစုပေါင်း ၃၃၉၀ ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆား၊ ခေါက်ဆွဲခြောက် အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)