မိုးနဲ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က Mobile Library စနစ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား/သူလေးများအနေဖြင့် ပြင်ပစာအုပ်စာစောင်များ လွယ်လင့်တကူဖတ်ရှုနိုင်ခြင်း၊ ဗလငါးတန်နှင့်ပြည့်စုံစေခြင်း၊ ဗဟုသုတအသစ်များရရှိစေခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံစေခြင်း အစရှိသည့်အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လည်း စာငှား၊ စာဖတ်သူဦးရေတိုးပွားလာခြင်း၊ စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာခြင်း၊ စာဖတ်ရှိန်မြင့်မားစေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ကွင်းဆင်းငှားရမ်းပေးခဲ့ပြီး ကျောင်းစာကြည့်တိုက်တွင်လည်း အခမဲ့ငှားရမ်းပေးခဲ့ကြောင်းနှင့် အပတ်စဉ် ကွင်းဆင်းလဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့နယ်အနေဖြင့် စာကြည့်တိုက်လုပ်ငန်းများပိုမိုတွင်ကျယ်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်အပြင် အွန်လိုင်းအသိပညာပေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို