လိပ်သို ဇူလိုင် ၁၀
ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် ၁၉ ရာစုနောက်ပိုင်း တွေ့ရှိရသော မူးယစ်ဆေးဝါးများ၊ အခြားနိုင်ငံများတွင် တွေ့ရှိရသော မူးယစ်ဆေးဝါး ပုံစံကွဲများ၊ စိတ်ကြွဆေးအမျိုးမျိုး၊ ဘိန်းနှင့်မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာအန္တရာယ်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ရုပ်ပြကာတွန်းများ စသည့် အကြောင်းအရာများကို ပြသထားရှိရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် လစဉ်အခါအားလျော်စွာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်