နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှု

နေပြည်တော် ဇူလိုင် ၉

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စိုက်ကြပ်ကော်မတီဥက္ကဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ရန်အောင်မြင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၈၂၈၊ ဃ)၊ သက္ကယ်ခြံတောင်ကွင်းရှိ တောင်သူဦးထွန်းငွေ၏ လယ် (၁၀) ဧကမိုးစပါးစိုက်ပျိုးရန် မြေပြင်ထွန်ယက်ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုပြီး နေပြည်တော်ကောင်စီဝင်က ရေစီးရေလာကောင်းမွန်စေရေး လယ်ကြားမြောင်းများရှင်းလင်းရန်နှင့် စပါးအထွက်တိုးအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ရွာမကျေးရွာအုပ်စု၊ အမြန်လမ်းဟောင်းပေါ်ရှိ ညိုပင်တံတားအောက်တွင် အမှိုက်ဒိုက်များပိတ်ဆို့၍ လယ်များရေနစ်မြှပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးပြီး သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်၍ ရှင်းလင်းဆောင်ရွက်သွားရန်မှာကြားပြီး ချိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၂) ကွင်း၊ AAE ကွင်းတွင် စိုက်ပျိုးထားရှိသော ရက် (၉၀) (MR-16) နွေစပါးရိတ်သိမ်းနေမှုအခြေအ‌နေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)