တွံတေး ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသဓာတု ရွှေဆံတော်စေတော်မြတ်ကြီးတွင် ၁၃၈၇ ခုနှစ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ရွှေဆံတော်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်၌ သီလပေးတရား၊ ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် အထူးတရားပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ရွှေဆံတော်စေတီ မြောက်ဘက်စောင်းတန်းဘေးရှိ ဒေါ်ပု (ရွှေဆိုင်) +ချစ်တီး (ရွှေဆိုင်) တန်းဆောင်၌ ဌာနဆိုင်ရာဝတ်အသင်းများနှင့် ရပ်ကွက်ဝတ်အသင်းများက ဓမ္မစကြာဒေသနာတော်ကို ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။ နေ့လယ် ၁ နာရီတွင် မြို့နယ်သံဃနာယကအဖွဲ့နာယကရွှေ ဆံတော်စေတီသြဝါဒစရ်ိယ၊ ညောင်တံခါးကျောင်းတိုက်၏ ဦးစီးနာယက ပဓာနဘဒ္ဒန္တသုမနဘိဝံသဆရာတော်က ဝါဆိုလပြည့်နေ့တွင် တရားဒေသနာတော်များ ဟောကြားမည်ဖြစ်သည်။
ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ ၈ ရက်ဥပုဒ် လပြည့်၊ လကွယ်နေ့များတွင် ဘုရားဖူးပြည်သူများအနေဖြင့် ရွှေဆံတော်စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်နိုင်ရန် သီလခံယူပွဲများစီစဉ်ထားမည်ဖြစ်ကြောင်း ရွှေဆံတော်ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌထံမှ သိရှိရသည်။
ယနေ့သည် မြန်မာလူမျိုးတို့အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ဖြစ်သည့်အားလျော်စွာ ရွှေဆံတော်စေတီမြတ်နှင့် အသားလွတ်နယ်မြေဖြစ်သော ဗောင်းတော်ချုပ်စေတီ၊ ကျိုက်ဖူးကျိုက်ပါစေတီတို့၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
မျိုးလှိုင် တွံတေး