တိုက်ကြီး ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ သံဃာတော် အရှင်သူမြတ် ၉၉ ပါးအား မြို့နယ်လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၅ နာရီက အိုးတန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ မြို့နယ်သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တိုက်ကြီးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပြည်သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာဝံသ အရှင်သူမြတ်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တိုက်ကြီးမြို့နယ်အတွင်းရှိ သံဃာတော် ၉၉ ပါးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် တိုက်ကြီးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပြည်သဒ္ဓမ္မဇောတိကာရုံ ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာဝံသ အရှင်သူမြတ်က အနုမောဒနာတရား ဟောကြားတော်မူပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ကြွရောက်တော်မူကြကုန်သော သံဃာတော် အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)