အင်းစိန် ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၏ (၇/၂ဝ၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ အခွန်ထမ်းပြည်သူများအား ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် အခွန်နှုန်းထားများအား တိုးမြှင့်ခြင်းမရှိဘဲ အခွန်အရင်းအမြစ်များကိုသာ ကျယ်ပြန့်အောင် တိုးတက်ဆောင်ရွက်စေခြင်းဖြင့် အခွန်ရငွေများ တိုးတက်ရရှိရေး ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စားရေရိက္ခာဖူလုံရေးကို တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ MSME အနေဖြင့် ကုန်ကြမ်း ရရှိရေးနှင့် ဒေသထွက်ပစ္စည်းများအား အသုံးပြုရန် လိုအပ်ကြောင်း၊ ဆေးရုံ၊ ကျောင်း၊ ဌာနဆိုင်ရာ ရုံးများတွင် အမှိုက်များအား စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများထားရှိရန် လိုအပ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကိုဗစ်ရောဂါများ ဖြစ်ပွားမှု မရှိစေရေး ကျန်းမာရေးအရ ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ပါကြောင်း၊ မိုးရွာပြီးချိန် လမ်များ ပေါ်တွင် ရေတင်နေမှုများ မရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေမြောင်းပိတ်ဆို့မှုများ မရှိစေရေးဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်းနှင့် ထူးခြားဖြစ်စဉ် သတင်းများရှိလာပါက အချိန်နှင့် တစ်ပြေးညီတင်ပြရန် လိုအပ်ကြောင်းစသည်တို့ကို ပြောကြားသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ဝန်ကြီးဌာနများ၏လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များအား ဖတ်ကြား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများက ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို