နေပြည်တော် ဇူလိုင် ၉
နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို တိုးမြင့်ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း သီးနှံစိုက်ပျိုးမြေများကို ပလပ်မြေမထားပဲ နွေ၊ မိုး၊ ဆောင်းရာသီပြည့် သီးနှံများစိုက်ပျိုးနိုင်ရန်လိုအပ်ကြောင်း၊ တစ်နှစ် သုံးသီးစိုက်ပျိုးပြီး သီးထပ်စွမ်းအားမြှင့်တင်ရန်လိုကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ ရာသီပြည့် သီးနှံစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သောစိုက်ပျိုးရေ၊ မျိုး၊ သွင်းအားစုများအား ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ လယ်ယာမြေများတွင် သတ်မှတ်သီးနှံများကိုသာ စိုက်ပျိုးစေရန်နှင့် သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်ရေး အသိပညာပေး ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။ ယင်းနောက် တက်ရောက် လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)