ထားဝယ် ဇူလိုင် ၉
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းပြင်ပပညာရေး လုပ်ငန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာကျောင်းသား/သူများက “စေတနာပန်းတို့လန်းရာမြေ”သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း မူလတန်းပညာသင်ယူပြီးမြောက်ရေး အလေးထားဆောင်ရွက်လျက်ရှိပြီး ကျောင်းထွက်နှုန်းပပျောက်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကာ သာတူ ညီမျှ ပညာရေးအတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ မူလတန်းမှအလယ်တန်း၊ အထက်တန်း၊ အဆင့်မြင့်ပညာရေးအထိ ပညာသင်ယူမှုအခွင့်အလမ်းများရရှိအောင် တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် KG+12 ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အချိန်အခါတွင် တိုင်းဒေသကြီးအတွက်ကို ပညာရေးနှင့်စပ်လျဉ်း၍ သမိုင်းမော်ကွန်းတင်မည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် စာသင်ကျောင်းပေါင်း (၁၄၀၀) ကျော်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်း(၅၀၀)ခန့် ပိတ်ထားခဲ့ရကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကလေးများစာသင်ကြားခွင့် မရရှိသူများနှင့် ကျောင်းနေခွင့်မရရှိသူများက နှစ်ကြာလာသည်နှင့်အမျှ ကျောင်းပညာနှင့် ဝေးကွာခဲ့ရသောကြောင့် စိတ်မကောင်းဖြစ်ရကြောင်း၊ ယခုကာလတွင်ကျောင်းပြင်ပ ပညာရေးပေါ်ပေါက်လာသည် အတွက်ကြောင့် စိတ်ချမ်းမြေ့ခဲ့ရပြီး အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကာ ကလေးများ စာသင်ကြားခွင့် ရရှိရေးကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းပြင်ပပညာရေး ဆိုသည်မှာ အခြေခံပညာသင်ရိုးညွှန်းတမ်းများကိုအခြေခံ၍သင်ယူလိုသူများပညာရည်မြင့်မားလာစေရန် ကျောင်း ပညာရေးစနစ်ပြင်ပတွင် ပြင်ဆင်ပြောင်းလဲနိုင်သော နည်းလမ်းများဖြင့် စည်းရုံးသင်ကြား ပေးသည့် ပညာရေးအစီအစဉ်ဖြစ်ကြောင်း၊ ကျောင်းပြင်ပပညာရေးသည် Level များဖြင့် သတ်မှတ်ပြီး တက်ရောက်သင်ယူရမည်ဖြစ်ကြောင်း၊ ကျောင်းပြင်ပပညာရေးဆိုသည်မှာ ပညာသင်ယူသူတို့၏ လိုအပ်ချက်များအရ အလျော့အတင်းပြုလုပ်နိုင်သော သင်ရိုးများဖြင့် အစိုးရအဖွဲ့အစည်းများကဖြစ်စေ အစိုးရမဟုတ်သောအဖွဲ့အစည်းများကဖြစ်စေ တာဝန်ယူ၍ တတ်ကျွမ်းသည့်ပုဂ္ဂိုလ်တို့၏ အကူအညီ ဖြင့်သတ်မှတ်ထားသည့် ကာလအတွင်း ရည်ရွယ်ချက်ပြည့်မြောက်အောင် ပို့ချပေးသည့်ပညာရေး ပုံစံဖြစ်ကြောင်း၊ ကျောင်းသားမိဘများအနေဖြင့် ကလေးများပညာရေး ပြည့်မြောက်အောင် သင်ကြားနိုင်ရန်အတွက် အားပေးရန်၊ ဆောင်ရွက်ပေးရန်၊ ကူညီပေးရန်၊ ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ကလေးသူငယ်များသည် နောင်တွင်မိမိဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် သူများဖြစ်ကြောင်း၊ မိမိတို့၏ ရင်သွေးငယ်များ မိမိပတ်ဝန်းကျင်ရှိကလေးများပညာသင်ယူမှု အခွင့်အရေး မဆုံးရှုံးစေရန် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ နှစ်စဉ်ဆောင်ရွက်နေသော ကျောင်းပြင်ပပညာရေးအစီအစဉ်များအနက်မှ ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် အလယ်တန်း ပညာရေးတို့တွင် ကျောင်းသားမိဘများအနေဖြင့် အတူတကွ ပူးပေါင်း ပါဝင်ကူညီဆောင်ရွက် ပေးခြင်းအားဖြင့် အခြေခံပညာကျောင်းများနှင့် လက်လှမ်းမမီသော ကလေးများအတွက် ပညာသင်ယူ မှုအခွင့်အလမ်းများရရှိပြီး နိုင်ငံတော်အတွက် အဖိုးမဖြတ်နိုင်သော နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ်တို့မှ မြို့နယ် အုပ်ချုပ်ရေးမှူးများအား ကျောင်းပြင်ပပညာရေးလုပ်ငန်းတာဝန်လွှာများ ပေးအပ်ပြီးကျောင်းပြင်ပ ပညာရေးလုပ်ငန်းများဆောင်ရွက်ရန် ချီးမြှင့်ငွေ ကျပ် သိန်း (၂၀၀) အားပေးအပ်သည်။
ဆက်လက်၍ ဆရာ၊ ဆရာမများက ပညာရေးဝေးသည်မရှိပါ” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး တိုင်းဒေသကြီး NFPE ကြီးကြပ်ရေးမှူး ဦးကြည်စိန် (ဒု-ညွှန်-ငြိမ်း)က ကျောင်းပြင်ပ ပညာရေး ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ကျောင်းသား၊ ကျောင်းသူများက “ကလေးများအတွက်ဒီနေ့သီချင်းဖြင့် သီဆိုဂုဏ်ပြုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား/ သူများနှင့် ကျောင်းသားမိဘများ အားရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်သည်။
ထို့နောက် မူလတန်းအဆင့်ကျောင်းပြင်ပပညာရေး သင်ကြားမှုအစီအစဉ်ကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ညနေ ၃ နာရီမှ ညနေ ၅ နာရီခွဲအထိ ဖွင့်လှစ်သင်ကြားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဇူလိုင်လ ၇ ရက်နေ ညနေပိုင်းက ကျောင်းသား/သူများအား နွေးထွေးပျူငှာစွာ တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
မူလတန်းအဆင့် ကျောင်းပြင်ပပညာရေးသင်ကြားမှု အစီအစဉ်၌ လာရောက်ပညာသင်ကြားသူ (၁၃၀၀) ဦးခန့်ရှိပြီး ဆရာ/မ များက တစ်ပတ်လျှင် ၆ ရက် (တနင်္ဂနွေ မပါ) ညနေ ၃ နာရီမှ ၅ နာရီခွဲအထိ ရက်ပေါင်း ၂၂၀ ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)