ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ

မိုင်းဆတ် ဇူလိုင် ၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်​ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲအခမ်းအနားကို မိုင်းဆတ်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.ကခွဲ၊ အ.လ.က(၂)၌ ယမန်နေ့နေ့လယ် ၁ နာရီက  ကျင်းပခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ‌‌‌‌ဒေါ်အေးဇာဇာမျိုးကအဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့်ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့‌ကြောင်း သိရသည်။

 ထို့နောက် မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်က ကလေးအလုပ်သမား လျော့နည်းပ​ပျောက်စေရေး ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း အသိပညာပေးဟော‌ပြောခဲ့‌ပြီး ကျောင်းသား/သူများအား ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အတွက် ထုတ်ဝေထားသည့် ချယ်ရီမြေလက်ကမ်း စာစောင်အား ဖြန့်ဝေခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား/သူများအတွက် ပြသထားသည့် ကလေးသူငယ်နှင့်ပတ်သက်သည့် အကြောင်းအရာပါ နံရံကပ်စာ‌စောင်အား ကြည့်ရှုမှတ်သားကြပြီး  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ထက်ထက်