မိုင်းဆတ်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ

မိုင်းဆတ် ဇူလိုင် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီ၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့ ညနေ ၃ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးကောင်းထက်မင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအား အသိပညာပေး ဟောပြောသည်။

ထို့နောက် ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကလေး သူငယ်အခွင့်အရေးများနှင့် ကာကွယ်စောင့်ရှောက်ရေးအကြောင်းအရာများအားလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က ကလေးသူငယ်များ အကြမ်းဖက်မှုမခံရစေရေး အသိ ပညာပေး အကြောင်းအရာများအားလည်းကောင်း ဆွေးနွေးဟောပြောပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား ပြန်လည်ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်းများမှ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)