ရန်ကုန် ဇူလိုင် ၈
MSME ပြည်တွင်းထုတ်ကုန်များကို အလွယ်တကူဝယ်ယူရောင်းချနိုင်သည့် G3G Application မိတ်ဆက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗီးရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိူးရအဖွဲ့ဝင်ဝန်ကြီးများ၊ Golden Gate Global Myanmar Pte.,Ltd.မှ တာဝန်ရှိသူများ၊ ထုတ်လုပ်သူလုပ်ငန်းရှင်များ၊ စားသုံးသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ MSME By G3G Application ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ စည်ပင်သာယာရေးဝန်ကြီး(မြို့တော်ဝန်)ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင်အောင်၊ Golden Gate Global Myanmar Pte., Ltd. မှ CEO ဒေါ်အိအိချောစုတို့က Screery Touch ဖြင့် ဖွင့်လှစ်ပေးကြသည်။
နောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(SME)များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အား ဖြစ်ပြီးနိုင်ငံ၏ စီးပွားရေးတိုးတက်ရန်အတွက်လည်း ကျောရိုးမဏ္ဍိုင်သဖွယ်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် မြို့ပြနှင့် ကျေးလက်ဒေသများရှိ လူဦးရေ၏ လေးပုံသုံးပုံခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဖြည့်ဆည်းပေးနိုင်ခြင်း၊ ဆင်းရဲနွမ်းပါးမှုကို လျော့ချပေးနိုင်ခြင်းတို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်ပေးမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း ယနေ့ကျင်းပပြုလုပ်တဲ့ပွဲသည် MSME ပြည်တွင်းထုတ်ကုန်များကို E-commerce Platform မှတဆင့် ပြည်တွင်းပြည်ပဈေးကွက်များသို့ ထိရောက်စွာ ရောင်းချနိုင်ရေးအတွက် “MSME By G3G Application” အား ထုတ်လုပ်သူလုပ်ငန်းရှင်များနှင့် စားသုံးသူသုံးစွဲသူများသို့ Application အသုံးပြုပုံအဆင့်ဆင့်နှင့် ဈေးကွက်ဆိုင်ရာများ ရှင်းလင်းတင်ပြသွားမည်ဖြစ်တဲ့အတွက် တက်ရောက်လာတဲ့ MSME လုပ်ငန်းရှင်များအတွက် အကျိုးရှိစေမှာဖြစ်ပါကြောင်း၊ Digital နည်းပညာအကူအညီဖြင့် MSME ထုတ်ကုန်အသစ်၊ နည်းပညာအသစ်တွေ အသုံးပြု၍ ဈေးကွက်အလွယ်တကူချဲ့ထွင်နိုင်ပြီး မိမိတို့၏ စီးပွားရေးလုပ်ငန်းတိုးတက်ဖို့ အထောက်အကူပြုစေနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ MSME by G3G. application နှင့် UAB Bank မှ UAB MMQR နှင့်ပက်သတ်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမှတ်တရဓါတ်ပုံရိုက်ကြကာ ခင်းကျင်းပြသထားသော ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယခင်က စက်မှုဝန်ကြီးဌာနနှင့် ပူပေါင်းပြီး ပြည်တွင်းထုတ်ကုန်များနှင့် SME လုပ်ငန်းရှင်များ ရောင်းချခဲ့သော G3G Mart သည် ယခုအခါ MSME applicationအဖြစ် customers များထံ ရောက်ရှိလာခြင်းဖြစ်ပြီး G3G application ကို အသုံးပြု၍ MSME ထုတ်ကုန်များကို အလွယ်တကူ ဝယ်ယူရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)