ဒဂုံတောင် ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း၏ လပတ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၈) ရပ်ကွက်ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇူလိုင် ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်စိုးက အသင်း၏ လပတ်အစည်းအဝေးခေါ်ယူရခြင်းနှင့် ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ ပြင်ပစာပေဗဟုသုတများ ဖတ်ရှုသည့် အလေ့အထရရှိစေရေးစာဖတ်ခြင်း၏ အကျိုးကျေးဇူးများ သိရှိစေရေးတို့အတွက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်မည့် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ယခုလအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဆောင်ရွက်မည့် လုပ်ငန်းနှင့် ရှေ့ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော အသင်းဝင်များက ဆောင်ရွက်မည့်လုပ်ငန်းများကို မေးမြန်းဆွေးနွေးရာဥက္ကဋ္ဌ ဦးခင်မောင်စိုး (နေစိုးသော်) နှင့် ဒုဥက္ကဋ္ဌ ဦးကျော်သန်း (ထီလာကျော်)တို့က ပြန်လည်ရှင်းလင်းဖြေကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်လုပ်ငန်းများကို ချပြဆွေးနွေးပြီးနောက် အစည်းအဝေးကို ရုတ်သိမ်းကြောင်း သိရသည်။
နေမျိုးအောင်