ရန်ကုန် ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော စာပေဆုရှင်များ ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို ဇူလိုင် ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ထောက်ကြန့်မြို့ရှိ သပြေညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းနာယကကြီး အောင်သူရိန်(ပုလဲ)က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ စာပေဆုရှင်များအား ထပ်ဆင့်ဂုဏ်ပြုပွဲကိုကျင်းပရာ ၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် “မေတ္တာပန်းတို့ လန်းစွင့်ဝေဖြာ မြေအောက်ကမ္ဘာနှင့် ဝတ္ထုတိုပေါင်းချုပ်” ဖြင့် ဒုတိယဆုရရှိခဲ့သော ဆရာမလွမ်းနိုနို(ဘော်မြေ)အားလည်းကောင်း၊ “ပရိုင်းမိတ်မှ ပျူသို့ယဉ်ကျေးမှုအထောက်အထားများ” စာမူဖြင့် သုတပဒေသာ(ဝိဇ္ဇာ) တတိယဆုရရှိခဲ့သော ဆရာမောင်သာ(ရှေး/သု)အားလည်းကောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ကဗျာ/ဝတ္ထုတိုပြိုင်ပွဲတွင် “ညွှန်းဖွဲ့စာစီ မြန်မာအမျိုးသမီးများဂုဏ်ရည်” ကဗျာဖြင့် အထူးဆု(၁)ရရှိခဲ့သော ဆရာမသက်ဦးခင်အားလည်းကောင်း၊ “တုနှိုင်းမဲ့မြစ်တစ်စင်း”ဝတ္ထုတိုဖြင့် အထူးဆု(၃)ရရှိခဲ့သော ဆရာမခင်လေးစိန်(ဘိုကလေး)အားလည်းကောင်း၊ ၂၀၂၅ ခုနှစ် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် ဝတ္ထုရှည်(ဝါသနာရှင်)ပြိုင်ပွဲတွင် “နောက်ဆုံးကျည်ဆန်” စာမူဖြင့် ပထမဆုရရှိခဲ့သော မြခြူးအိမ်အားလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်လုံးဆိုင်ရာ သမိုင်းသုတေသနစာပေပြုစုခဲ့သော ဆရာဌေးကျော်(မဟာဝိဇ္ဇာ)အားလည်းကောင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)ကဖွင့်လှစ်သော စာရေးနည်းအခြေခံလမ်းညွှန်သင်တန်း အမှတ်စဉ်(၁၁) စာပေပြိုင်ပွဲတွင် ဝတ္ထုတို(တတိယဆု)နှင့် ပြဇာတ်စာပေ(အထူးဆု)ရရှိခဲ့သော ဆရာမမြရည်နန္ဒာအားလည်းကောင်း၊ လှိုင်စာပေဆု အမှတ်စဉ်(၇)ဝတ္ထုတိုပြိုင်ပွဲတွင် အထူးဆု(၁)ရရှိခဲ့သော ဆရာမမေခြယ်အားလည်းကောင်း မြို့နယ်စာရေးဆရာအသင်းမှ အသီးသီးဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုငွေများကို ချီးမြင့်ခဲ့ကြသည်။
စာပေဆုရှင်များမှ ဆရာမောင်သာ(ရှေးဟောင်းသုတေသန)က ဝမ်းမြောက်ကြောင်း ကျေးဇူးတင်မုဒိတာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ငွေစိုး(ရွှေကြန့်မြေ)က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း