ဒဂုံမြောက် ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ရေနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိသောအမှိုက်၊ ပလတ်စတစ်အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်းသို့ စနစ်တကျခွဲခြား စွန့်ပစ်နိုင်ရေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းနေထိုင်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်၊ ပလတ်စတစ်အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်းသို့ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး သရုပ်ပြဆောင်ရွက်မှု အသိပညာပေးခြင်းကို မြို့နယ်စည်ပင် (သန့်ရှင်းရေးဌာန) တာဝန်ခံနှင့်အဖွဲ့မှ သရုပ်ပြသဆောင်ရွက်ခဲ့ပြီး အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါအမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲများအား ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်တွင် ပလတ်စတစ်ညစ်ညမ်းမှု လျော့ချပေးနိုင်ခြင်း၊ အမှိုက်ပမာဏကို လျှော့ချနိုင်ခြင်းနှင့် ပြန်လည်အသုံးပြုနိုင်ဖို့အတွက် အခွင့်အလမ်းအများအပြားရရှိနိုင်ခြင်းတို့အပြင် လူသားတို့နေထိုင်ရာ ကမ္ဘာ့မြေထု၊ လေထု၊ ရေထုအတွင်း မှီတင်းနေထိုင်သည့် သက်ရှိသတ္တဝါများအတွက် အစာကွင်းဆက်ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သရုပ်ပြသပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်သူများ စုစုပေါင်းအင်အား (၈၅) ဦး တက်ရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ