လှိုင်းဘွဲ ဇူလိုင် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ (က) ရပ်ကွက်၊ အောင်မြေသာယာကွင်းရှိ တောင်သူ ဦးကျော်စိန်၏ လယ်ယာမြေ ကွင်းအမှတ် (၁၅၃၃)၊ ဦးပိုင်အမှတ် (၁၆)၊ လယ်မြေဧက (၂၀)အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဝတ်ရည်စမ်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ဆင်းသုခမိုးစပါးမျိုးကို ပျိုးထောင်ခြင်း၊ လက်တွန်းထွန်စက်များဖြင့် ထယ်ထိုးထွန်မွှေခြင်း၊ စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
တောင်သူဦးကျော်စိန်၏ လယ်မြေဧက(၂၀)အား ဆင်းသုခစပါးမျိုးကို မျိုးစေ့ထုတ်ပြီး ဒေသအတွင်း ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစေ့ထုတ်စိုက်ခင်းအတွက် (၁၀) ဧက၊ အောင်မြေသာယာ ဘုန်းတော်ကြီးကျောင်းပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်နှင့် သံဃာတော်များအတွက် ဆွမ်းဆန်အဆင်ပြေစေရန် ရည်ရွယ်ပြီး လုပ်အားဒါန ကုသိုလ်အဖြင့် ပါဝင်လှူဒါန်းနိုင်ရန် ဆင်းသုခမိုးစပါး (၁၀) ဧကတို့တွင် ဘုန်းတော်ကြီးကျောင်းအနီး ပတ်ဝန်းကျင်၌ နေထိုင်ကြသော ရပ်ကွက်နေပြည်သူများ၊ လူငယ်မောင်မယ်များနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပျော်ရှင်စွာဖြင့် ဝိုင်းဝန်းစုပေါင်း၍ ထွန်ယက်စိုက်ပျိုးပေးနေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ အောင်မြေသာယာကွင်း မိုးစပါး စုပေါင်းစိုက်ပျိုးသည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများမှ ယနေ့ နံနက် ၉ နာရီအချိန်က သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် အောင်မြေသာယာ ပရိယတ္တိစာသင်တိုက်အတွက် ဆွမ်းဆန်ဖူလုံမှုရှိစေရန် ရပ်ကွက်နေပြည်သူများက စုပေါင်း၍ နှစ်စဉ် ထွန်ယက်စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)