ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ရေးဆိုင်ရာ မြို့အဆင့် ကော်မတီအစည်းအဝေးပြုလုပ်

ရိခေါ်ဒါရ် ဒီဇင်ဘာ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ပြုလုပ်သည်။

ရှေးဦးစွာ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ရိခေါ်ဒါရ်မြို့ဒေသအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ လက်ရှိလုပ်ငန်း ဆောင်ရွက်မှုများ၊ ဆက်လက် ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူ ကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်မှုအပေါ် ထပ်မံဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများကို အသီးသီး ဆွေးနွေးကြသည်။

အဆိုပါ အစည်းအဝေးတွင် မြို့အဝင်အထွက်နေရာများ၌ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်စစ်ဆေးမှုအား နေ့ခင်းလုံခြုံရေး တာဝန်နှင့် ညပိုင်းလုံခြုံရေးတာဝန် စသည်ဖြင့် ၂၄ နာရီ လုံခြုံရေးစောင့်ကြည့် ထားရှိခြင်း၊ အခြားဒေသမှ ရိခေါ်ဒါရ်မြို့သို့ ဝင်ရောက်လာသူများအား Facility Quarantine Centre  အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိရေး၊ ကုန်တင်ယာဉ်များ ဝင်ရောက်မှုနှင့် ကုန်တင်ကုန်ချ ဆောင်ရွက်ခြင်းအား ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ စနစ်တကျ ဆောင်ရွက်ရေး၊ လူစုလူဝေးပြုလုပ်ခြင်းအား ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ကြပ်မတ်ဆောင်ရွက်ရေး၊ ရပ်ကွက်အတွင်း အပြင်ထွက်သွားလာသူများအား Mask စနစ်တကျ တပ်ဆင်ခြင်းဆိုင်ရာများနှင့် အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်လူငယ် Volunteer အဖွဲ့များပူးပေါင်း ဆောင်ရွက်သွားကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး လုပ်ငန်းများတွင် မြို့ဝင်မြို့ထွက်များ၌ စစ်ဆေးရေး တာဝန်ယူဆောင်ရွက်သည့် ဌာနများနှင့် ရပ်ကွက်လူငယ် Volunteer အဖွဲ့များ၊ Facility Quarantine Centre များ၌ လုံခြုံရေးတာဝန်ယူ ဆောင်ရွက်သည့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအား နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ ငွေများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးတွင် မြို့အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်လူငယ် Volunteer အဖွဲ့များတက်ရောက်ခဲ့ကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)