မိုးနဲမြို့နယ် အမှတ်(၁၈)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

မိုးနဲ ဇူလိုင် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁၈)အခြေခံပညာမူလတန်း (လွန်)စက်တော်ကျောင်း၌ ယနေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်နှင့် ဝန်ထမ်းများက စာငှား၊ စာဖတ်သူဦးရေတိုးပွားလာစေရန်၊ စာကြည့်တိုက်လုပ်ငန်း ပိုမိုတွင်ကျယ်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်အတွက် ဆရာ/မများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကျောင်းစာကြည့်တိုက်တွင် လွယ်ကူစွာဖတ်ရှုလေ့လာနိုင်စေရန်အတွက် ကျောင်းစာကြည့်တိုက်သို့စာအုပ်စာစောင်များ အခမဲ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးမောင်သိန်းက လက်ခံရယူပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး အကြောင်းအရာများပါရှိသော နံရံကပ်စာစောင်အားပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းများနှင့်အသိပညာပေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ရုံးရှေ့မြေစိုက်ပြဘုတ်တွင်လည်း နံရံကပ်စာစောင်ပြသခြင်း အွန်လိုင်းမှတစ်ဆင့် အသိပညာပေးခြင်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို