ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးသည် ညောင်ရွှေမြို့နယ်အတွင်း သီးနှံများရေကြီးနစ်မြှပ်ခြင်းကြောင့် ထိခိုက်၊ ပျက်စီးမှုအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

တောင်ကြီး ဇူလိုင် ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ကလောခရိုင်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ သီးနှံများရေကြီးနစ်မြှပ်ခြင်းကြောင့် ထိခိုက်၊ ပျက်စီးမှုအတွက် တောင်သူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ညောင်‌ရွှေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးဒဏ်ကြောင့် နွေစပါး၊ မိုးစပါးစိုက်တောင်များအနေဖြင့် အခက်အခဲများကြုံတွေ့ခဲ့ရပါကြောင်း၊ တောင်သူများအတွက် လိုအပ်သည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြရန်လိုအပ်ပါကြောင်း၊ အခက်အခဲများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ရေကြီးနစ်မြှပ်မှုကြောင့် ကျေးရွာများတွင် နွေစပါး၊ မိုးစပါး၊ အခြားသီးနှံများ ထိခိုက်ပျက်စီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးက ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နွေစပါး၊ မိုးစပါး၊ အခြားသီးနှံများနှင့်စပ်လျဉ်း၍ ပျက်စီးမှုများအား ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် အသေးစိတ်တွက်ချက်မှုများနှင့်အတူ ပြန်လည်တင်ပြပေးရန်၊ ရေကြီးရေလျှံမှုမပြစ်ပွားစေရေးအတွက်  ချောင်းများရေစီးရေလာကောင်းမွန်ရေး၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လိုအပ်သည်များတွက်ချက်တင်ပြရန်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှလည်း လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ရေကြီးနစ်မြှပ်ထိခိုက်ပျက်စီးခဲ့သည့် ရွာသာကျေးရွာအုပ်စုရှိ ကြေးကိုင်ကွင်းအမှတ်(၁၅)၊ အမှတ်(၁၈)နှင့် အမှတ်(၁၉)တို့အားလည်းကောင်း၊ တာယောချောင်းသို့စီးဝင်သည့် ချောင်းများအားလည်းကောင်း ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိ ရှိရသည်။

ကျော်ဇင် (ပြည်နယ်၊ ပြန်/ဆက်)