တာချီလိတ် ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ကောင်းမြို့မဈေး ဈေးကောင်းရုံး၌ မြို့နယ်စည်ပင်ဌာနရေးဌာနဝန်ထမ်းများနှင့် ကျန်းမာရေးဌာနဝန်ထမ်းများပူးပေါင်း၍ Covid-19 ရောဂါကာကွယ်ဆေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာရောက်သူများအား ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ကြူကြူသင်းနှင့် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများက အသက် ၁၈ နှစ် အထက် Covid-19 ရောဂါကာကွယ်ဆေးမထိုးရသေးသူများ၊ ကာကွယ်ဆေးထိုးနှံမှု ၆ လပြည့်ပြီးသူများကို ကာကွယ်ဆေးမထိုးနှံမီ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အခြေခံကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသူ ၁၂၀ ဦးအား COMIRNATY JN.1 ကာကွယ်ဆေး ထိုးနှံပေးသည်။
အဆိုပါ Covid-19 ရောဂါကာကွယ်ဆေးထိုးနှံလိုသူ ပြည်သူများအနေဖြင့် တာချီလိတ် ပြည်သူ့ဆေးရုံဟောင်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တနင်္လာနေ့မှ သောကြာနေ့တိုင်း ဩဂုတ်လနောက်ဆုံးအပတ်ထိ ကာကွယ်ဆေးအခမဲ့ လာရောက်ထိုးနှံနိုင်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)