မြင်းခြံ ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
(၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲများကို ဇူလိုင် ၃ ရက်တွင် ကျင်းပခဲ့ရာ မြင်းခြံတက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ကျောင်းသား/ကျောင်းသူ (၅၆) ဦးနှင့် ဝန်ထမ်း ၁၄ ဦး စုစုပေါင်း ၇၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများက ဆုများပေးအပ်ခဲ့ကြသည်။ ဟောပြောပွဲတွင် မြန်မာစာဌာန ပါမောက္ခဒေါက်တာနေလင်းက “ပြည်ထောင်စုအကျိုးအစဉ်ရှေးရှု အာဇာနည်နေ့အလေးပြု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သမိုင်းဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာသောင်းဝင်းနိုင်က “ အာဇာနည်နေ့ သမိုင်းဝင်အမှတ်တရနေရာများ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြသည်။
ကျောင်းသား/ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ဝိုင်းဝန်းကြိုးပမ်း လှုပ်ရှားဆောင်ရွက်ခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်များအား တန်ဖိုးထားလေးစားမြတ်နိုးတတ်စေရန်၊ ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုတိုင်း၏ စာပေ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်ထက်မြက်စေရန်၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း မြင်းခြံ တက္ကသိုလ် ပါမောက္ခချုပ်က ပြောသည်။
အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်ဝန်ထမ်းများ စုစုပေါင်း အင်အား ၂၆၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။
ကျော်စွာ(မြင်းခြံ)