မိုင်းပျဉ်း ဇူလိုင် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဆရာမဒေါ်နန်းဆိုင်လောဝ်က ပြိုင်ပွဲစည်းကမ်းများကို ဖတ်ကြားပြီး ပြိုင်ပွဲများကိုကျင်းပရာ ကဗျာပြိုင်ပွဲတွင် မူလတန်းအဆင့် (၁၅)ဦး၊ အလယ်တန်းအဆင့် (၁၅)ဦး၊ အထက်တန်းအဆင့် (၃)ဦး၊ စုစုပေါင်း (၃၃)ဦးနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် မူလတန်းအဆင့် (၆)ဦး၊ အလယ်တန်းအဆင့် (၁၀)ဦး၊ အထက်တန်းအဆင့် (၄)ဦး၊ စုစုပေါင်း(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား နှစ်ပတ်လည်ဆုပေးပွဲကျင်းပချိန်တွင် ဆုများချီးမြှင့်သွားမည်ဖြစ်သည်။
အဆိုပါ ကျပန်းစကားပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)