လင်းခေးမြို့နယ် (၄၉)ကြိမ်မြောက် အသံမစဲပဋ္ဌာန်းအောင်ပွဲနှင့် (၂၅)ကြိမ်မြောက်ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

လင်းခေး ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ (၄၉ကြိမ်မြောက် အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် (၂၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက လင်းခေးမြို့၊ မဟာမြတ်မုနိဘုရားကျောင်းတော် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပါသည်။

ဆက်လက်၍ ရတနာမြတ်သုံး ပါးကန်တော့ခြင်း၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ ဝိစိတ္တသာရထံမှ သရဏဂုံသုံး ပါးနှင့်ငါးပါးသီလခံယူခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တက်ရောက်လာသူများက ပင့်သံဃာတော်များထံ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြရာ၊ ပင့် ကျောင်းအလိုက်ဆရာတော် သံဃာတော်များက လက်ခံခဲ့ကြသည်။ ယင်းနောက် ဆရာတော်များထံမှ ပရိတ်တရားတော်နာယူခြင်းနှင့် ယနေ့လှူဒါန်းမှုအစု စုတို့အတွက် အတူတကွရေ စက်သွန်းချ အမျှပေးဝေခဲ့ကြပြီးနောက်  ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားသို့ လင်းခေးတပ် နယ်အတွင်းရှိ မိသားစုဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် စေတနာအလှူရှင်များ၊ မြို့နယ်ဂေါပက အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အသံမစဲပဋ္ဌာန်းတရားရွတ်ဆို ပူဇော်ခဲ့ကြသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)