မိုင်းဆတ် ဇူလိုင် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်တင်ဝင်းက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းအား Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသော ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ သင်တန်းသား/သင်တန်းသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ဇူလိုင်လ ၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၁၁)ကြိမ်ဖွင့်လှစ်သွားဖြစ်ပြီး တစ်ကြိမ်လျှင် သင်တန်းသားဦးရေ (၆၀)ဦးဖြင့် သင်တန်းကာလနှစ်ရက်ကြာ ဖွင့်လှစ်သွားမည်ရာ မိုင်းဆတ်ခရိုင်အတွင်းရှိ သင်တန်းသား(၆၄၅)ဦးတက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းတွင် MEVM စက်နှင့် ပါဝင်ပစ္စည်းများရှင်းလင်းသရုပ်ပြခြင်း၊ တပ်ဆင်/ဖြုတ်သိမ်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ အထွေထွေရွေးကောက်ပွဲပြုလုပ်သော မဲရုံမှူးများအား MEVM စက်စစ်ဆေးရာတွင် လုပ်ဆောင်ရမည့်/စိစစ်ရမည့်အချက်များ၊ စက်ရှိပရင်တာစက္ကူလိပ်တပ်ဆင်ပုံနှင့် လက်ထရီတပ်ဆင်ပုံ၊ မဲပေးစဉ်စက်ချို့ယွင်းပါက အရံစက်လဲလှယ်ရမည့်အခြေအနေလမ်းညွှန်၊ မဲပေးစဉ်အတွင်းအရေးပေါ်ကိစ္စများဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲရေတွက်ခြင်းဇယား၊ မဲရလဒ်ထုတ်ယူနည်းဇယား၊ မဲရုံမှူးဖြည့်သွင်းရမည့်ပုံစံများအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)