နေပြည်တော် ဇူလိုင် ၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ဆယ်တင်ပစ္စည်းများကို စနစ်တကျပြန်လည် အသုံးပြုရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရန်အောင်မြင်ဆည်သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မတမံနှင့် ကုန်းကျောတမံများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လူအင်အားနှင့် စက်ယန္တရားများ တိုးမြှင့်ဆောင်ရွက်ရေး၊ တာဝန်ခံအင်ဂျင်နီယာများမှ အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရာဇသင်္ဂဟလမ်းကြီးနှင့် ရာဇဌာနီလမ်းမကြီးများသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများအား ပြန်လည်ပြုပြင်နေမှုနှင့် Regulating Course Mix Design ပြန်လည်အဆင့်မြှင့်တင်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရာသီဥတုကောင်းမွန်ချိန်တွင် စက်ယန္တရား၊ လူအင်အားတိုးမြှင့်ပြီး အင်တိုက်အားတိုက်ဆောင်ရွက်ရေး၊ ကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်း အသုံးပြုရေးတို့ကို မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိ ရေလှောင်တမံသို့ သွားရောက်ပြီး ယာယီရေတားတမံဆောင်ရွက်ထားရှိမှု၊ အရေးပေါ် ရေပိုလွှဲဆောင်ရွက်နေမှုနှင့် ရေထုတ်ပြွန် ပြန်လည်ပြင်ဆင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် ဆောင်ရွက်ရေးနှင့် တာဝန်ရှိသူများမှ အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)