သင်္ဃန်းကျွန်းခရိုင် ဘာသာ‌ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

တာမွေ ဇူလိုင် ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာ‌ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (သင်္ဃန်းကျွန်းခရိုင်)၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏမြို့ဦး ဆုတောင်းပြည့်စေတီတော်ဝင်းအတွင်းကျင်းပပြုလုပ်ခဲ့ရာ ဘာသာ‌ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မြသွေးနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သင်္ဃန်းကျွန်းခရိုင် ဘာသာ‌ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဥက္ကဋ္ဌဦးကျော်စည်သူနှင့် အလုပ်အမှုဆောင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ ဘာသာ‌ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များက သုဝဏ္ဏမြို့ဦးဆုတောင်းပြည့်စေတီတော်ဝင်းအတွင်း အရိပ်ရအပင်များဖြစ်သည့် ပျိုးပင်ပေါင်း(၁၅၀) ကျော်ကို တပျော်တပါးစိုက်ပျိုးခဲ့ကြပြီး အဆိုပါစေတီတော်ကြီး၏ ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများအတွက် အလှူငွေကျပ်တစ်သိန်းတိတိကို ပေးအပ်လှူဒါန်းခဲ့ကြရာ စေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌဦးတင်ရွှေမှ လက်ခံရယူခဲ့၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် ဘာသာ‌ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေဖြင့်  ခရိုင်အတွင်း လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ သုဝဏ္ဏမြို့ဦး ဆုတောင်းပြည့်စေတီတော်ဝင်းအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ဂေဟစနစ်နှင့် ရာသီဥတုကောင်းမွန်မျှတမှုရှိစေရေး၊ နွေရာသီကာလ၌ ဘုရားဖူးလာပြည်သူများ အရိပ်အာဝါသကောင်းရရှိစေရန်အတွက် အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)