နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် နေပြည်တော်ကောင်စီမှ မြို့နယ်များထံ စက်ကိရိယာပစ္စည်းများပေးအပ်ပွဲများသို့ တက်ရောက်၊ ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

နေပြည်တော် ဇွန် ၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင်  ရာဇသင်္ဂဟလမ်းကြီးသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများအား ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်‌‌ရေး၊ ရာသီဥတုကောင်းမွန်ချိန်တွင် စက်ယန္တရား၊ လူအင်အားတိုးမြှင့်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီ  ဇမ္ဗူသီရိခန်းမ၌ ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်အမျိုးသား ဘောလုံးအသင်းအား အောင်နိုင်‌ရေးအလံပေးအပ်ပွဲ အခမ်းအနားကိုကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသည့် အားကစားအဖွဲ့များနှင့် နေပြည်တော် အမျိုးသားဘောလုံးအသင်းမှ အားကစားသမားများတက်ရောက်ကြသည်။ ဦးစွာ နေပြည်တော် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းမှ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများမှ တစ်ဦးချင်း မိတ်ဆက် ဂါရဝပြုကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာ နေပြည်တော် အသက်(၁၈)‌နှစ်အောက် အမျိုးသားဘောလုံးအသင်း အောင်နိုင်ရေးအတွက် နေပြည်တော် ပြည်သူလူထုကိုယ်စား စိတ်ဓာတ်ခွန်အားများ ပေးလိုက်ခြင်းဖြစ်ကြောင်း၊ အားကစားစိတ်ဓာတ် မြင့်မားခြင်းသည် တိုင်းပြည်ချစ်စိတ်ကို ပိုမိုဖြစ်ပေါ်စေရန် အထောက်အကူပြု‌ နိုင်မှာဖြစ်ကြောင်း၊ နေပြည်တော်အသင်းအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် အားကစားပညာရပ် ပိုင်းဆိုင်ရာများတွင် အသင့်ဖြစ်နေပြီလို့ ယုံကြည်ပါကြောင်း၊ လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲခံဆိုသည့်အတိုင်း လေ့ကျင့်သားပြည့်ဝပြီး ယုံကြည်မှုခိုင်မာနေကြပြီလို့ မျှော်လင့်ပါကြောင်း၊ အားကစားသမားများအနေနဲ့ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာပြီး အနိုင်မခံအရှုံးမပေးသည့် ကြံ့ခိုင်သောစိတ်ဓာတ် မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်အနိုင်ရအောင် ရင်ဆိုင်ယှဉ်ပြိုင်ရင်း နေပြည်တော်၏ ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်သွားကြရန်မှာ ကြား‌ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းကို အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။ ယင်းနောက် ဘောလုံးအသင်းအုပ်ချုပ်သူ ဦးတေဇာမျိုးမှ လေ့ကျင့်ပြင်ဆင်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်  လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်ကောင်စီမှ မြို့နယ်များသို့  ထွန်စက်ကြီး၊ လက်ဆွဲကောက်စိုက်စက်နှင့် မျိုးစေ့ချကိရိယာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြားရာ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် လယ်ယာကဏ္ဍ အခြေခံဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်ထုတ်လုပ်ရေး ဦးစားပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ အရည်အသွေးကောင်းသော သီးနှံများနှင့် သား၊ ငါးကဏ္ဍများ ဖွံ့ဖြိုးလာရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍမှထွက်ရှိသော သီးနှံထုတ်ကုန်များနှင့် တိရိစ္ဆာန် မွေးမြူရေးမှ ထုတ်လုပ်သော သား၊ ငါး ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး နိုင်ငံတကာ ဈေးကွက်ရရှိရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် ယခုပေးအပ်လိုက်သည့် ထွန်စက်ကြီးနှင့် လက်ဆွဲကောက်စိုက်စက် များအား စနစ်တကျထိန်းသိမ်းကိုင်တွယ်မောင်းနှင်ပြီး စက်စွမ်းအားပြည့် အသုံးချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ လက်ဆွဲမျိုးစေ့ချကိရိယာများကိုလည်း အကျိုးရှိရှိ အသုံးပြု ဆောင်ရွက်မှသာ ကြဲပက်စနစ် ပပျောက်မှာဖြစ်သည့်အတွက် ဆက်စပ်ဌာနများနှင့် အတူ တောင်သူများမှ ကြိုးကြိုးစားစားလိုက်ပါပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စိုက်ပျိုးဆောင်ရွက်သွားရန်လိုကြောင်း၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်ရေးနှင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းစိုက်ပျိုး ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူးက ထွန်စက်ကြီး၊ လက်ဆွဲကောက်စိုက်စက်နှင့် မျိုးစေ့ချကိရိယာများ ဖြန့်ဖြူးမှုနှင့်သုံးစွဲဆောင်ရွက်ပုံများကို  ရှင်းလင်းတင်ပြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ထွန်စက်ဆိုင်ရာ စာရွက်စာတမ်းများနှင့်  လက်ဆွဲကောက်စိုက်စက်အား တာဝန်ရှိသူများကို ပေးအပ်ပြီး နေပြည်တော်ကောင်စီဝင်များက  မျိုးစေ့ချကိရိယာများအား တောင်သူများကို ပေးအပ်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ခင်းကျင်းပြသထားသော ထွန်စက်ကြီး၊ လက်ဆွဲကောက်စိုက်စက်နှင့် မျိုးစေ့ချကိရိယာများအား လှည့်လည်ကြည့်ရှုစစ်‌‌ဆေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်၊ ရှားစေးဖိုကျေးရွာသို့သွားရောက်ပြီး ရွှေသစ္စာခန်းမတွင် နွေ၊  မိုး၊ ဆောင်း၊  ရာသီပြည့်သီးနှံ စိုက်ပျိုးရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်ပွဲကို တက်ရောက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက   နွေ၊ မိုး၊ ဆောင်း ရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေး၊  ပလပ်မြေမထားဘဲ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် လယ်ယာမြေများတွင် သတ်မှတ်သီးနှံများသာ စိုက်ပျိုး‌စေရေး၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိအောင် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများနှင့် မျိုးစပါးများကို တောင်သူများထံပေးအပ်ပြီး တက်ရောက်လာသူများမှ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဆင်သေ‌ ချောင်းတစ်လျှောက် ဘေး ဝဲယာတွင် သီးနှံများစိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိ ရေလှောင်တမံသို့ သွားရောက်ပြီး ယာယီရေတားတမံဆောင်ရွက်ထားရှိမှု၊  အရေးပေါ် ရေပိုလွှဲဆောင်ရွက်‌နေမှုနှင့် ရေထုတ်ပြွန် ပြန်လည်ပြင်ဆင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် ဆောင်ရွက်ရေးနှင့် တာဝန်ရှိသူများမှ အမြဲမပြတ်ကြပ်မတ် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။ 

အောင်မျိုးဝင်း(ဥတ္တရ)