သင်္ဃန်းကျွန်း ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ကျောက်တော်ကြီး ဘုရားသုံးဆူပရိယတ္တိစာသင်တိုက်နှင့် နှင်းဆီကုန်းဘူတာအနီးတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အဖွင့်အမှာစကားပြောကြားရာတွင် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှုကောင်းမွန်စေရန်၊ ဂေဟာစနစ်ထိန်းသိမ်းနိုင်စေရန်၊ သစ်ပင်စိုက်ပျိုးမှုလုပ်ငန်းတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်အတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး၊ မြန်မာ့မီးရထားတိုင်းအမှတ်(၇) ရန်ကုန်မှ တိုင်းတာဝန်ခံနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ တာဝန်ခံများနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံများနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ကြသည်။ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကံကော်ပင်(၃၀)ပင်၊ စိန်ပန်းပင် (၅၈)ပင်၊ ခရေပင်(၂၀)ပင်နှင့် မယ်ဇယ်ပင်(၂၂)ပင် စုစုပေါင်း(၁၃၀)ပင် စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။
ဇော်မိုး(သင်္ဃန်းကျွန်း)