ဒဂုံဆိပ်ကမ်း ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်၍ အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် ရည်ရွယ်၍ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နည်းသရုပ်ပြခြင်းကို ယမန်နေ့နံနက် (၁၂)နာရီက အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ သန့်ရှင်းရေးဌာနမှ တပ်ခွဲမှူး ဦးစောလှမင်းက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိအမှိုက်ပုံးများ အရောင်ခွဲခြားသတ်မှတ်ထားမှုများနှင့် ပတ်သက်၍လည်းကောင်း၊ အမှိုက်ပုံးတွင် တပ်ထားသော အမည်များနှင့်လိုက်၍ စွန့်ပစ်ရမည့် အမှိုက်အမျိုးအစားများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြသခဲ့သည်။ အဆိုပါ သရုပ်ပြခြင်းကို မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအပြင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ အမှတ်(၉၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၉၄) အုပ်ချုပ်ရေးမှူးရုံးတို့တွင် ပြုလုပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ခလေးစောင့်ရှောက်မှုအသင်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)