မင်္ဂလာဒုံ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ မိုးစပါး(၁၃၉၉)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်၌ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် ပေါ်ဆန်းရင် ၄၅၂ ဧက၊ ဆင်းသုခ ၅၂၆ ဧက၊ ထိုင်းနှံကောက် ၁၁၅ ဧက၊ မနောသုခ ၆၈ ဧက၊ မှော်ဘီ (၃) ၉၃ ဧက၊ အောင်နိုင်တိုး ၁၅ ဧက၊ ရက်(၉၀) ၁၃၀ ဧက စိုက်ပျိုးသွားမည်ဖြစ်၍ မိုးစပါး ၁၃၉၉ ဧက စိုက်ပျိုးရန်လျာထားပြီး သတ်မှတ်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် အဆိုပါစပါးမျိုးများကို ပျိုးထောင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ(Seeder)စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်/လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးလျက်ရှိပြီး ၄၅၇ ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပြီး စပါးအထွက်နှုန်းတိုးတက်ရေးအတွက် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာရောစပ်အချိန်ကိုက်အချိုးကျထည့်သွင်းနိုင်ရေး၊ စပါးဖျက်ပိုးမွှား အန္တရာယ်များကို စနစ်တကျ ကာကွယ်နှိမ်နင်းရေးတို့အတွက် တောင်သူများအား ပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သိန်းထွန်းအောင်(ပြန်/ဆက်)