ပုသိမ် ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ လွန်ကန်ရပ်တွင် (BAJAJ RE) သုံးဘီးယာဉ် အရောင်း ပြခန်းဖွင့်ပွဲအခမ်အနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တက်ရောက်ဖွင့်လှစ်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကုမ္ပဏီ တာဝန်ရှိသူများနှင့်အတူ (BAJAJ RE) သုံးဘီးယာဉ်အရောင်းပြခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး BAJAJ RE သုံးဘီးယာဉ်များအား လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သင်တန်းအမှတ်စဉ် (၁၈)သင်တန်းဆင်းပွဲနှင့် အမှတ်စဉ်(၁၉)သင်တန်းသားအသစ်ကြိုဆိုပွဲ အခမ်းအနားကို ပုသိမ်မြို့၊ သာသနာ့ ဗိမာန်တွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီချုပ်နှင့် ဌာနဆိုင်ရာများ တက်ရောက်ကြည်ညိုသည်။
အခမ်းအနားတွင် ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ဦးစီး ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တသုတ် ပရိတ်တရားတော်အား ဆက်လက်နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းအုပ်ချုပ်မှု နာယက ဆရာတော်ကြီးများ၊ ကျောင်းအုပ်၊ ကထိက၊ နည်းပြဆရာတော်ကြီးများနှင့် သင်တန်းသားများအား နဝကမ္မဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ချုပ်ရေးနာယက၊ တိုင်းဒေသကြီးသံဃ နာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော်(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်အရှင်သူမြတ်က သင်တန်းသားသံဃာတော်များအား ဩဝါဒကထာချီးမြှင့်တော်မူပြီးနောက် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဇောတိဿရ (မဟာသဒ္ဓမ္မဇောတိကဓဇ)၊ MA.Ph.D(India) အရှင်သူမြတ်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရ သင်တန်းသားသံဃာတော်များအား ဂုဏ်ပြုလွှာနှင့် သင်တန်းဆင်းဒီပလိုမာဘွဲ့လက်မှတ်များကိုဆက်ကပ်ခဲ့ပြီး ကျောင်းအုပ်ဆရာတော်က သင်တန်းဆင်းသံဃာတော်များအား သင်တန်းဆင်း ဒီပလိုမာဘွဲ့လက်မှတ်များ ဆက်လက်ဆက်ကပ်ခဲ့သည်။ ယင်းနောက် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ချုပ်ရေးနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာဂန္ထဝါစကပဏ္ဍိတ ရွှေမစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေသည်။
ဧရာဝတီတိုင်းဒေသကြီးကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သင်တန်းအမှတ်စဉ်(၁၈)တွင် သာသနာပြုရဟန်းတော် အပါး ၃၀ သင်တန်းဆင်း အောင်မြင်တော်မူခဲ့ပြီး အမှတ်စဉ်(၁၉)တွင်သင်တန်းသားသစ်သံဃာတော်(၃၅)ပါး တက်ရောက် လျှက်ရှိသည်။
လှမင်းထွဋ်(ပြန်/ဆက်)