နေပြည်တော် ဇူလိုင် ၅
နေပြည်တော်အသေးစားနှင့် အလတ်စားစက်မှုဇုန် ကြီးကြပ်ရေးကော်မတီဝင်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး၌ကျင်းပရာ နေပြည်တော်အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသန်းစိုး၊ နေပြည်တော်အသေးစားနှင့်အလတ်စား ကြီးကြပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် ဒက္ခိဏသီရိစက်မှုဇုန်သည် လမ်းပမ်းဆက်သွယ်ရေး အလွယ်တကူသွားလာနိုင်၍ အချက်အချာကြသည့်နေရာတွင် တည်ရှိပြီး နေပြည်တော်အတွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ SKD စနစ်ဖြင့် EV လျှပ်စစ်သုံးယာဉ် တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ ခေတ်မီပလပ်ပေါက်အမျိုးမျိုး ရောင်းခြင်းလုပ်ငန်းနှင့် Ready Made Home အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ လျှပ်စစ် Control Panel များနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ကာ စက်ပစ္စည်းများတပ်ဆင် လည်ပတ်ထုတ်လုပ်နိုင်ရေး အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများအနေဖြင့်လည်း အင်တိုက်အားတိုက် လုပ်ငန်းများလုပ်ဆောင်ကြရန်နှင့် သတ်မှတ်အချိန်အတွင်း လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောက်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် နေပြည်တော်အသေးစားနှင့်အလတ်စား ကြီးကြပ်ရေးကော်မတီဝင်များနှင့် လုပ်ငန်းရှင်များက စက်မှုဇုန်မြေကွက်ရယူထားသော မူလပိုင်ရှင်အမည်ပေါက်သည့် လုပ်ငန်းရှင်နှင့် အကျိုးတူပူးပေါင်းရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုသူများရှိပါက လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရေး စီမံချက်များ၊ လုပ်ငန်းရှင်များ မြေဂရန်လျှောက်ထားရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ရယူဆောင်ရွက်ပြီးမှသာ သက်ဆိုင်ရာဌာနများသို့ ဆက်လက်လျှောက်ထားရန်ကိစ္စရပ်များ၊ ထုတ်လုပ်မှုလုပ်ငန်းများ အရှိန်မြှင့်တင်ရေးကိစ္စရပ်များ၊ တိုးချဲ့ကဏ္ဍများနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)