အင်းစိန် ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ ပုံပြော၊ ဉာဏ်စမ်း၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများနှင့် ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲများ အပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဓာထွန်းက ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က အာဇာနည်နေ့အကြောင်း အသိပညာပေး ဟောပြောသည်။
အဆိုပါ ပြိုင်ပွဲများသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်သော ကျောင်းသား၊ကျောင်းသူများအား ဆုများရွေးချယ်၍ ပထမ၊ ဒုတိယ၊ တတိယဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အာဇာနည်နေ့အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)