မိုင်းတုံ ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ နောင်ပါရင်ဘုန်းကြီးကျောင်း၌ ယမန်နေ့ ညနေပိုင်းက သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေး၊ ရပ်မိ၊ ရပ်ဖများပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရှင်းလင်းခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်မှူးက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းခြင်း၊ မြို့နယ်ရဲမှူး မြင့်အောင်က လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများစသည့် ရေးသားဖော်ပြချက်များမှာ လုပ်ကြံရေးသားသည့် သတင်းတု၊ သတင်းမှားများသာဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စရာမလိုကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းများကို လှည့်ကင်း၊ ပတ်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု လုပ်ရပ်များအပေါ် ပြည်သူနှင့်ဆက်နွယ်ပါဝင်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့် အချက်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီးနောက် အလှည့်ကျစနစ်ဖြင့် မဲနှိုက်ပေးခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်(၁၀၀) စောင်ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)