၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

တောင်ကြီး ဇူလိုင် ၂

ရှမ်းပြည်နယ် အမျိုးသမီးကော်မတီမှကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ရောက်ရှိသည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်အတွင်း အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်ရှမ်း ပြည်နယ်အမျိုးသမီးကော်မတီမှ ဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှု‌ရေးအသင်းအဖွဲ့များနှင့် ဆက်စပ်ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း အမျိုးသမီးများ၏ အင်အားမှာ နိုင်ငံ့လူဦးရေ၏ထက်ဝက်ကျော်ရှိသည့်အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရာတွင် အမျိုးသမီးများ၏အခန်းကဏ္ဍမှာအရေးပါကြောင်း၊ အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်းနယ်ပယ် ၁၂ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအနေဖြင့် မိမိတို့မှာရှိသည့် စွမ်းဆောင်ရည်များကို မြှင့်တင်လျက် အမျိုးသမီးထုကြီး၏ စွမ်းပကားကို ဖော်ထုတ်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြာပွဲတွင် တောင်ကြီးတက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာကြည်ကြည်ခိုင်က “မြန်မာအမျိုးသမီးများနှင့်ဝတ်စားဆင်ယင်မှု”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ ကေသီအောင်က “မြန်မာအမျိုးသမီးများ၏စွမ်း‌ဆောင်ရည်မြှင့်မားဖို့စီးပွားရေးကိုပိုမိုဆောင်ရွက်စို့” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ငွေခြည်လင်းလက် (မြန်မာစာ) က“မြန်မာအမျိုးသမီးများနှင့်မီဒီယာ”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အသီးသီးဟောပြောပေးခဲ့ကြသည်။

ယင်းနောက် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ညိုမီစောက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောကြသူများကို ဂုဏ်ပြုလက်ဆောင်များပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)