မိုင်းတုံမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းတုံ ဇူလိုင် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ မြို့နယ်အစည်းအ‌ဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများစုပေါင်း၍ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်‌ပေးခြင်းသည် မိမိတို့လုပ်‌နေသည့်လုပ်ငန်းများအ‌ပေါ် ကြုံတွေ့ရသည့် အခက်အခဲများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ပေးခြင်း၊ မိမိတို့ကြုံရသည့်အခက်အခဲများကို‌ ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်မှသာ လုပ်ငန်းတိုးတက်အောင်မြင်မှုရရှိခြင်း၊‌ မိုးရာသီကာလဖြစ်ပြီး သွေးလွန်တုတ်ကွေးများမဖြစ်ပေါ်စေရေးနှင့် မိမိတို့ကျန်းမာ‌‌ရေးကိုလည်း အထူးဂရုစိုက်ရန်၊ ရပ်ကျေးစာရေးများကလည်း မိမိတို့လုပ်ရမည့်လုပ်ငန်းကို အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်အောင်ဆောင်ရွက်သွားစေရန်၊ ရပ်ရွာလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ပြီး နယ်မြေလုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ရန် ရှင်းလင်း‌ခြင်း စသည်တို့ကို ပြောကြားပြီးနောက် မြို့နယ်လဝကဦးစီးအရာရှိ ဦးအောင်အောင်ထွန်းက  ပန်းခင်းစီမံချက်(၃)လုပ်ငန်းနှင့်လည်းကောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း‌ကောက်ယူ‌နေမှုနှင့်ပတ်သက်၍ အကျယ်တစ်ဝင့်ရှင်းလင်းခြင်း၊ မြို့နယ်‌မြေစာရင်းမှဦးစီးအရာရှိ ဦးကိုကိုမောင်က မိမိတို့လုပ်ငန်းနှင့်ပတ်သက်၍ ပြည်သူများသိရှိနားလည်စေရန်နှင့် အိမ်ငှားမြေဂရမ်များရရှိသည့်ကျေးရွာများကိုလည်းထုတ်ပေးနေပြီးဖြစ်ကြောင်းရှင်လင်းခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီအရာရှိကလည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ အ‌သေးစိတ်ရှင်းလင်းပြီး မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇွန်လိုင်(၁၀)ရက်မှ (၁၈)ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တက်‌ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများမှ မိမိတို့ဆောင်ရွက်နေမှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ဆွေးနွေးမှုအပေါ် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)