မင်္ဂလာဒုံ ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ်(၁၀) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဒေါ်သက်ထားပိုင်နှင့် ကျန်းမာရေး၀န်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ခံတွင်းသန့်ရှင်းရေးနှင့် သွားကျန်းမာရေးများအကြောင်း ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ ပညာပေးကဗျာများရွတ်ဆိုပေးခြင်း၊ ကျောင်းပတ်၀န်းကျင်သန့်ရှင်းရေးနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး ကျောင်းဈေးဆိုင်များအား စစ်ဆေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခဲ့သည်။
မိုးရာသီကာလအတွင်း လူနေအိမ်များရှိ သောက်သုံးရေကန်များ၊ ရေစည်၊ ရေအိုးများအား အဘိတ်ဆေးခတ်ခြင်း၊ ခြင်ပေါက်ဖွားမှုမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကိုလည်းကောင်း၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့် ကျန်ရှိနေသော ရပ်ကွက်များသို့လည်းကောင်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းသိန်းထွန်း