မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ သတင်းမီဒီယာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် ဇူလိုင် ၁

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးစီးကျင်းပသော သတင်းမီဒီယာဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပြည်လမ်း၊ အမှတ်(၂၇)ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကျော်ဒင်၊ အတွင်းရေးမှူး ဦးအေးချမ်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင် ဦးစွာမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌကဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ သတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က သတင်းမီဒီယာဆိုင်ရာ အသိပညာပေးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)