ပုဇွန်တောင် ဇူလိုင် ၁
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်တထောင်ဈေးလမ်းရှိ အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က သစ်ပင်များသည် ကမ္ဘာမြေတွင်ရှိသည့် သက်ရှိများရှင်သန်ရပ်တည်ရေးအတွက် အရေးပါကြောင်း၊ သစ်ပင်များသည် ရာသီဥတုမျှတရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ရေနှင့်မြေဆီလွှာထိန်းသိမ်းရေးစသည့် ဂေဟစနစ်ဝန်ဆောင်မှုများညီညွတ်မျှတရေးကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်းနှင့် သစ်ပင်များရေရှည်ရှင်သန်ရေး၊ ထိန်းသိမ်းရေး၊ ရှင်သန်မှုမရှိသည့် အပင်များကို အစားထိုးဖြည့်တင်း စိုက်ပျိုးရေးပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့သည်။ ယင်းနောက်ဗိုလ်တထောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်တို့က ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများအား ခရေပင်နှင့် စိန်ပန်းပင်ပျိုးပင်များအားပေးအပ်ခဲ့ကြပြီး စုပေါင်းသစ်ပင်များ စိုက်ပျိုးခဲ့ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်ခင်ဝင်းကြည်၊ ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ ပုဇွန်တောင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်နှင်းနှင်းအေး၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်/အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်