ဘားအံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းသရုပ်ပြ စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်

ဘားအံ ဇွန် ၃၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းသရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး  သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖော်ဆောင်ပေးနိုင်ရေး အထူးအလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိကာ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းသားများအနေဖြင့် မဲပေးစက်နှင့် စပ်လျဉ်း၍ နည်းပြများ၏ သင်ကြားပို့ချမှုများကို သေချာစွာ လေ့လာမှတ်သားထားမှသာ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရာတွင် ရှင်းရှင်းလင်းလင်းနှင့် ထိရောက်စွာ ပြန်လည်ပို့ချဆောင်ရွက်နိုင်မည်ဖြစ်ကာ ရွေးကောက်ပွဲကာလတွင် လက်တွေ့အသုံးပြုရာ၌ အခက်အခဲ အမှားအယွင်းကင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။   

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် (ကရင်ပြည်နယ်တာဝန်ခံ) ဦးခင်မောင်ဦးက MEVM စက်ပိုင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ MEVM စက်တာဝန်ခံ ဒုတိယညွှန်ကြားရေးမျူးချုပ်က မဲပေးစက်အသုံးပြုခြင်းဆိုင်ရာများနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

အလားတူ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) နည်းပြဆရာဖြစ် သင်တန်းကို ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့ထိ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဆရာဖြစ်သင်တန်းသား၊ သင်တန်းသူ ၆၉ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ (၂၂)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ  ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက  မြို့လုံးကျွတ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး လိုအပ်ချက်များရှိပါက ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဝါဆိုသင်္ကန်း ဆက်ကပ်လျူဒါန်းပွဲကျင်းပရေး လုပ်ငန်းကော်မတီအတွင်းရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။

ထိုသို့ ဆွေးနွေးတင်ပြမှုများအပေါ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)