တာချီလိတ် ဇွန် ၃၀
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တု အလတ်စား ထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုထားသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ နားယောင်းကျေးရွာအုပ်စုရှိ အောင်ဝန်းနေကုမ္ပဏီ (SETCL-20) လုပ်ကွက် ပုံချက်ကွင်းဟောင်းပေါ်နှင့် လွယ်ခမ်းလုံ ကုမ္ပဏီ(SETCL- 40,10,11)၊ လင်းလျှံထက် ကုမ္ပဏီ (SETCL-12)လုပ်ကွက်ရှိ စွန့်ပစ်မြေစာပုံများပေါ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူများအား ပျိုးပင်များလွှဲပြောင်းပေးအပ်ပြီး အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းက ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တုအလတ်စားထုတ်လုပ်မှုလုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုထားသော တာချီလိတ်မြို့နယ်အတွင်းရှိ ကုမ္ပဏီ (၁၀) ခုနှင့် လုပ်ကွက် (၂၀) တို့မှ စွန့်ပစ်မြေစာပုံနှင့် ပုံချက်ကွင်းဟောင်းမြေဧရိယာ (၉၄) ဒဿမ (၇၂) ဧကပေါ်တွင် မန်ဂျန်ရှား၊ ကျွန်း၊ မယ်ဇလီ၊ ယမနေ စုစုပေါင်း (၆၄၂၃၈) ပင် စိုက်ပျိုးထားရှိသည့် အခြေအနေနှင့် ယခုနှစ်မိုးရာသီအတွင်း ကုမ္ပဏီလုပ်ကွက်များမှ ဆက်လက်စိုက်ပျိုးသွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကုမ္ပဏီတာဝန်ရှိသူများ၊ ရှမ်း၊ အာခါ၊ လားဟူတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများက အောင်ဝန်းနေကုမ္ပဏီ၏ ပုံချက်ကွင်းဟောင်း (၁) ဒဿမ (၆) ဧက ပေါ်တွင် မန်ဂျန်ရှား (၁၂၀၀) ပင်နှင့် မယ်ဇလီ (၇၃၆) ပင်ကိုလည်းကောင်း၊ လွယ်ခမ်းလုံ ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံ (၂) ဧကပေါ်တွင် မန်ဂျန်ရှား (၁၄၀၀) ပင်နှင့် မယ်ဇလီ (၁၀၂၀) ပင်ကိုလည်းကောင်း၊ လင်းလျှံထက်ကုမ္ပဏီ၏ စွန်ပစ်မြေစာပုံ (၆) ဧက ပေါ်တွင် မန်ဂျန်ရှား (၅၀၀၀) ပင်နှင့် မယ်ဇလီ (၂၂၆၀) ပင်ကိုလည်းကောင်း တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)