ဥတ္တရသီရိ ဇွန် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ဂွေးချိုကျေးရွာ “ပညာအလင်းရောင်” စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့ရာ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။
ဦးစွာ မိုးစွေကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာ “ပညာအလင်းရောင်” စာကြည့်တိုက်အဆောက်အအုံ အသစ်ကို ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အဖွင့်အမှာစကား ပြောကြားရာ နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူ့အရင်းအမြစ်များကို အခြေခံ၍ စနစ်တကျ ပြုစုပျိုးထောင်ရမည်ဖြစ်ပြီး တာဝန်ရှိသူအားလုံးက လူငယ်၊လူရွယ်များအား အဓိက ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမည် ဖြစ်ပါကြောင်း၊ လူငယ်များ အပါအဝင် ပြည်သူများ စာဖတ်ကြစေရန်၊ စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန်၊ မိမိတို့နိုင်ငံ၏ နေထိုင်မှုပုံစံအနေဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူဦးရေမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် ယခုလိုကျေးရွာများအရောက် စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်း၊ ရှိနှင့်ပြီးသား ကျေးရွာစာကြည့်တိုက်များအား ပြန်လည်ပြင်ဆင်ပေးခြင်း၊ စာအုပ်စာစောင်များ ဖြည့်ဆည်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာ ဗဟုသုတများစွာ ရရှိနိုင်သဖြင့် ကျေးလက်နေပြည်သူများ အနေဖြင့်လည်း စာအုပ်စာပေကို မြတ်နိုးပြီးတန်ဖိုးထား ဖတ်ရှုကြရန်လိုအပ်ပါကြောင်း၊ စာအုပ်စာပေ လေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက် မဟုတ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည် မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အမှား/အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာ ဗဟုသုတ ကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက စာကြည့်တိုက်မှူး ဦးတင်အေး အား စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များ ပေးအပ်ကာ စာကြည့်တိုက်အတွင်း ကျောင်းသား/ကျောင်းသူ၊ လူငယ်/လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ် စာစောင်များ ထားရှိမှုအခြေ အနေများကို ကြည့်ရှုအားပေးသည်။
ဥတ္တရသီရိမြို့နယ်အတွင်း စာကြည့်တိုက် စုစုပေါင်း ၁၁ တိုက် ဆောက်လုပ်ရန် လျာထားလျက်ရှိရာ ဆောက်လုပ်ပြီးစီးသည့် စာကြည့်တိုက် စုစုပေါင်း ကိုးတိုက်ဆောက်လုပ် ပြီးစီးခဲ့သည့်အနက် ရှစ်တိုက်ဖွင့်လှစ်ပြီးစီးခဲ့ပြီး ဆောက်လုပ်ရန် ကျန်ရှိသည့် စာကြည့်တိုက် များကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးဝင်း (ဥတ္တရ)