ကျိုင်းတုံ ဇွန် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၃၂)ကြိမ်မြောက် ခေမာရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲခမ်းအနားကို ယနေ့နံနက်က အာရုံခံတန်ဆောင်းတွင်ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)အဖွဲ့ဝင် ၃ ဦးလုကာ၊ အဖွဲ့ဝင်-၄ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ သံသရာအေးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ကျိုင်းတုံမြို့၊ သာသနာ့ဝေပုလ္လပရိယတ္တိ စာသင်တိုက်ဆရာတော်က အနုမောဒနာတရား ဟောကြားချီးမြှင့်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းကို ဇွန် ၂၅ ရက်မှ ၂၉ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်