မိုင်းရှူး ဇွန် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ဝန်ထမ်းပေါင်းစုံနှင့် GEC (ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းတို့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်း ကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် GEC(ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး ဦးတင်ဇော်ထူးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်နှင့် မြို့နယ်သမဝါယမဦးစီးဌာန၊ဦးစီးမှူး ဒေါ်ဝတ်ရည်နှင်းတို့က အမှာစကားပြောကြားသည်။
ထို့နောက်ဝန်ထမ်းပေါင်းစုံအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်စိန်ငွေနှင့် GEC(ပညာရေး)အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်မြမြလွင်တို့က ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားကြရာ သဘာပတိက အဆိုပါရှင်းတမ်းအား အတည်ပြုခဲ့သည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေ အများဆုံးရှိသော အသင်းသားများနှင့် စုဆောင်းငွေ(၁၆၂၇)သိန်းပေါ် အတိုးနှင့်အစုပေါ်အမြတ်ငွေကို တာဝန်ရှိသူများက အသင်းသား (၃၆၈) ဦးထံ ပေးအပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဌာနဆိုင်ရာ အကြီးအကဲများ၊ အသင်းသူ၊ အသင်းသားများ တက်ရောက်ကြကြောင်း သိရသည်။
သန်းလူ