ညောင်ရွှေ ဇွန် ၂၉
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာများ၌ ၁၁ ကေဗွီ ဓာတ်အားလိုင်းများ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ယိုင်လဲချို့ယွင်းပျက်စီး၍ ကျေးရွာပေါင်း (၃၂၁) ရွာ ယာယီဓာတ်အားပြန်တောက်မှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် အမြန်ဆုံး ပြန်လည်ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဇွန် ၂၈ ရက်တွင် လျှပ်စစ်ဓာတ်အားလိုင်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ၊ လျှပ်စစ်မီးကြိုးများ ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ယိုင်လဲသွားသည့် ဓာတ်တိုင်များ တည့်မတ်ပြုပြင်ခြင်း၊ အသစ်စိုက်ထူခြင်းလုပ်ငန်းများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ၊ လုပ်သားများက အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ရာ ကျေးရွာပေါင်း (၃၁၆)ရွာ၌ လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်ဖြန့်ဖြူးထားပြီးဖြစ်ကြောင်း၊ ဓာတ်အားလွှတ်ရန်ကျန်ရှိသည့် ကျေးရွာ ငါးရွာတို့တွင် နေအိမ်အဆောက်အဦများ ပြန်လည်တည့်မတ်ဆောက်လုပ်နေဆဲဖြစ်သည့်အတွက် လျှပ်စစ်အန္တရာယ် ကင်းရှင်းမှုရှိသည့် အချိန်မှသာ ဓာတ်အားပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။
နေမျိုးသူရိန်