၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲနှင့် ပြည်နယ်ပြေးခုန်ပစ် လက်ရွေးစင်အသင်းအား အောင်နိုင်ရေး အလံပေးအပ်

တောင်ကြီး ဇွန် ၂၉

၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချူပ်ဖလား မြို့နယ်အလိုက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲနှင့် ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ရှမ်းပြည်နယ်ကိုယ်စားပြုဝင် ရောက်ယှဥ်ပြိုင်ကြမည့် ပြေးခုန်ပစ် လက်ရွေးစင်အသင်းအား အောင်နိုင်ရေး အလံပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်တွင် ပါဝင်သော တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဟူသော ဦးတည်ချက်ကို အကောင် အထည် ဖော်ဆောင်ရွက်သည့်အနေဖြင့် လူငယ်လူရွယ်များ အားကစားကို ချစ်မြတ်နိုးပြီး အားကစားစိတ် ဓာတ်ရင့်သန်စေရန်၊ နိုင်ငံတော်နှင့်ပြည်နယ်အတွက် မျိုးဆက်သစ် အားသစားသမားများ ပေါ်ထွက်လာစေရေး ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ရှမ်းပြည်နယ် ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်ကြမည့် ပြေးခုန်ပစ်အသင်းကို ယခုလို အောင်နိုင်ရေးအလံ ပေးအပ်ရခြင်းသည် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမိဘ ပြည်သူအားလုံး၏ ကိုယ်စား ရှမ်းပြည်နယ်ဂုဏ်ကိုမြှင့်တင်ပေးနိုင်ရန် ယုံကြည်စွာ တာဝန်ပေး အပ်လိုက်ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ကြမည့် အုပ်ချုပ်သူ နည်းပြနှင့် အားကစားသမားတစ်ဦးချင်းဆီက ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်မည် ဟု အောင်နိုင်စိတ်ထားပြီး အစွမ်းကုန်ကြိုးစားယှဥ်ပြိုင်၍ ရှမ်းပြည်နယ်ဂုဏ်ဆောင်ခဲ့ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့နယ်အလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အသင်းများနှင့် ရှမ်းပြည်နယ်လက်ရွေးစင် ပြေးခုန်ပစ်အားကစားသမားများအား လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ် ပြေးခုန်ပစ် လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ရာ အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများမှ လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပိုက်ကျော်ခြင်းပြိုင်ပွဲအဖွင့် ပွဲစဥ်အဖြစ် တောင်ကြီးမြို့နယ်အသင်းနှင့် တာချီလိတ်မြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ၊ တောင်ကြီးပညာရေးဒီဂရီ ကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများမှ သင်တန်း သား၊ သင်တန်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး  ပြိုင်ပွဲတွင် တောင်ကြီးမြို့နယ်အသင်းက နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဇွန်လ(၂၈)ရက်မှ (၃၀)ရက်အထိ ယှဥ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသား (၂၃)သင်း၊ အမျိုးသမီး(၉)သင်း စုစုပေါင်း(၃၂)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)