တောင်ကြီး ဇွန် ၂၉
မိုးရာသီကာလရောက်ရှိလာပြီဖြစ်၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး၊ ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရေး၊ ခြင်၊ ယင်များ မခိုအောင်းနိုင်ရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ဇွန်(၂၈)ရက် နံနက်(၇)နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရရုံးတွင် ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကိုလည်းကောင်း၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် ဝန်ထမ်းများ စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ဗိုလ်ချုပ်ပန်းခြံအရှေ့ဘက်ရှိ ပြုပြင်ရန် လိုအပ်လျက်ရှိသည့် ပလက်ဖောင်းများကို အမြန်ဆုံး ပြန်လည်ပြုပြင်ရန်နှင့် ပန်းခြံအရှေ့ဘက်လမ်းထောင့်ရှိ အသုံးမပြုတော့သည့် ထရန်စဖော်မာနှင့် ဓာတ်မီးတိုင်အချို့အား စနစ်တကျ ပြန်လည် သိမ်းဆည်းပေးရန် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသမီးနှင့် ကလေးဆေးရုံဝန်ထမ်းအိမ်ရာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ရာများ တည်ဆောက်မည်ဆိုပါက စနစ်တကျ ရှိစေရေး Master Plan ရေးဆွဲရန် လိုအပ်ပါကြောင်း၊ ရုံးကြီးလမ်းနှင့် ဆေးရုံအရှေ့ဘက်လမ်းကို ပြန်လည်ပြုဆောင်ရွက်ရန်နှင့် လမ်းဘေးရှိ သစ်ကြားသီးပင်များ အုပ်ဆိုင်းနေသဖြင့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပြီး အလင်းဖွင့်ပေးရန် တာဝန်ရှိသူအားများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရိုင်/မြို့နယ် စုပေါင်းရုံးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး မြို့နယ်စည်ပင်သာယာရေးရုံးသို့ သွားရောက်၍ အမှိုက်စနစ်တကျ စွန့်ပစ်ရာတွင် အသုံးပြုမည့် အမှိုက်ပုံးများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေအားလည်းကောင်း၊ အစိုးရအဖွဲ့ရုံးဟောင်းရှိ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ရောင်းချပေးနေသော ဝန်ထမ်းသက်သာဆိုင်အား သွားရောက်ကြည်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။ ယင်းနောက် ရုံးကြီးလမ်းဟောင်းရှိ ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ရုံးကြီးလမ်းဟောင်းအား ပြုပြင်ထိန်းသိမ်းရန် မှာကြားခဲ့သည်။ အလားတူ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် မြို့များ သန့်ရှင်းသာယာလှပရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)