ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုအားပေး

ဘားအံ ဇွန် ၂၈

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံ၍ အခြားသော စီးပွားရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက  ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၂၀၆-စ၊ တောကြီးကွင်းရှိ ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း (၁၃ ဒဿမ ၉၆)ဧက၌ အောင်မြင်ဖြစ်ထွန်းနေသော စားဖိုဆောင်သီးနှံစိုက်ခင်းများအား သွားရောက်ကြည့်ရှုအားပေးရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ရာသီသီးနှံဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးထုတ်လုပ်မှု၊ ရင်းနှီးကုန်ကျငွေနှင့် တောင်သူအကျိုးအမြတ်ပြန်လည်ရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စားရေရိက္ခာဖူလုံမှသာ တိုင်းပြည်သာယာဝပြောမည်ဖြစ်သည့်အတွက် သန့်ရှင်းလတ်ဆက်၍ ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းသီးဟင်းရွက်သီးနှံများကို စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူစည်းရုံးပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာန(ခွဲ)မှ ငါးအမိုင်နိုအက်စစ်ပြုလုပ်နည်းနှင့် စူပါ EM ဘိုကာရှီ သဘာဝမြေဩဇာ လက်တွေ့ပြုလုပ်ပြသရာ ဝင်းကျန်ကျေးရွာနှင့် စံပြစိုက်ခင်းအတွင်းရှိ တောင်သူများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက သဘာဝမြေဩဇာနှင့် ငါးအမိုင်နိုအပ်စစ်ပြုလုပ်သုံးစွဲခြင်းအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ လက်တွေ့ပြန်လည်ပြုလုပ်သုံးစွဲကြရန် တောင်သူများအားမှာကြား၍ ပြည်နယ်ဝန်ကြီးချုပ်က ဟင်းသီးဟင်းရွက်မျိုးစေ့များကို အခမဲ့ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်းသီးဟင်းရွက်စံပြစိုက်ခင်းအတွင်း တောင်သူ(၁၃)ဦး၏ အောင်မြင်ဖြစ်ထွန်းနေသော ခဝဲ၊ သခွား၊ ခရမ်း၊ ဘူး၊ ရုံပတီ၊ တိုင်ထောင်ပဲ၊ ပဲတောင့်ရှည်၊ ဖူးစားပြောင်း၊ ကင်မွန်းချဉ်၊ ဆူးပုတ်၊ ကန်စွန်းဥစိုက်ခင်းများ၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း(ဘားအံ)၏ ထွန်စက်ကြီးများဖြင့်  သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ပင်များအား ထယ်ထိုးမြေမြှုပ်ခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရာသီမရွေး မြေလွတ်၊ မြေလပ်မကျန် စိုက်ပျိုးလုပ်ကိုင်နိုင်ရေး၊ ရေသွင်း၊ ရေထုတ်မြောင်းများ စနစ်တကျရှိစေရေးနှင့် တောင်သူလိုအပ်ချက်များအား ကူညီဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝင်းကျန်ကျေးရွာအုပ်စု၌ ဒေသနွား ၅၅ ကောင်မွေးမြူ၍ သားစပ်မျိုးဖြန့်ခြင်းနှင့် အသားနှင့်နို့ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် တောင်သူဦးအောင်ကျော်မြင့်၏ စံပြနွားမွေးမြူရေးခြံအား သွားရောက်ကြည့်ရှုအားပေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာ တင်နွယ်ရီက တောင်သူမွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များမှာကြားကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ချီးမြှင့်သည့် တိရစ္ဆာန်သုံးဆေးဝါးများနှင့် အာဟာရဆားခဲများကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၏ ခရီးစဉ်ဒေသတစ်ခုဖြစ်သော နောင်ခရိုင်ရေဂူ ခရီးစဉ်ဒေသအား သွားရောက်ကြည့်ရှုအားပေးရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက နောင်ခရိုင်ဂူခရီးစဉ်ဒေသ ခရီးသွားဧည့်သည်ဝင်ရောက်မှုနှင့် ဒေသခံများ လာရောက်အပန်းဖြေ ရေကစားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သန့်စင်ခန်းနှင့် အဝတ်လဲခန်းများ စီမံဆောင်ရွက်ပေးနိုင်ရေး၊ ခရီးစဉ်ဒေသသန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘားအံမြို့ရှောင်လမ်း(4.0km - 4.5km )ကြားတွင် လမ်းဘေးတောင်ပြိုမှုဖြစ်ပွားခဲ့သဖြင့် လမ်းဦးစီးဌာနမှ စက်၊ ယာဉ် ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)